Only Student, Only Education

Open the Future, Go to the World

  • HOME
  • တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
  • ဘွဲ့ကြိုသင်တန်း
  • AI·SW ပေါင်းစည်းတက္ကသိုလ်

AI·SW ပေါင်းစည်းတက္ကသိုလ်

အင်ဂျင်နီယာကောလိပ်

ဒေတာသိပ္ပံပညာဌာန

ဒေတာသိပ္ပံပညာဌာနသည် စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် အဓိကကျသော နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အကြီးစားဒေတာ၊ ဉာဏ်ရည်တု (AI) နှင့် အင်တာနက် ချိတ်ဆက်ပစ္စည်းများ (Internet of things, IoT) စသည်တို့အား ပိုင်နိုင်သော ဒေတာကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးပါသည်။ အလျင်အမြန်မြင့်တက်လာသည့် ဒေတာကျွမ်းကျင်ပညာရှင် လိုအပ်ချက်ကို အမီလိုက်နိုင်စေရန် တည်ထောင်ထားသော ကျွန်ုပ်တို့၏ဌာနသည် ဒေတာလုပ်ငန်းနယ်ပယ်တွင် အဓိကနေရာ၌ တာဝန်ထမ်းဆောင်နိုင်သူ ဒေတာသိပ္ပံပညာရှင်များအား စွမ်းရည်မြှင့်တင်ပေးဖို့ ရည်ရွယ်ပါသည်။ အတိအကျဆိုရလျှင် ကျွန်ုပ်တို့သည် စုစည်းပေါင်းဆုံ တွေးခေါ်မှုအပေါ် အခြေပြုသော လက်တွေ့ကျသည့် ဒေတာဆိုင်ရာစွမ်းရည်များကို ပေးစွမ်းနိုင်သည့် အခြေခံနှင့် အဆင့်မြင့် သင်တန်းများမှတစ်ဆင့် စက်မှုလုပ်ငန်းလောကအတွင်း၌ အများနှင့်ယှဉ်နိုင်သည့် အရည်အသွေးရှိသူ ဒေတာသိပ္ပံပညာရှင်များကို ပျိုးထောင်ပေးပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် စီးပွားရေးမော်ဒယ်များ တည်ဆောက်ရန်နှင့် ဒေတာပိုင်းခြားစိစစ်မှု ရလဒ်များအား နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချရန်အတွက် အကြီးစားဒေတာ ပိုင်းခြားသုံးသပ်မှုလုပ်ဆောင်ရန် R ၊ Python နှင့် SQL ကဲ့သို့သော ကွန်ပျူတာသင်ရိုးများကိုလည်း ပို့ချပါသည်။

ဉာဏ်ရည်တုနှင့် ဆော့ဖ်ဝဲဌာန

ဉာဏ်ရည်တုနှင့် ဆော့ဖ်ဝဲဌာနကို 2018 ခုနှစ်တွင် ကွန်ပျူတာသတင်းအချက်အလက် အင်ဂျင်နီယာပညာဌာနမှတစ်ဆင့် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆင့်မြင့် ဆော့ဖ်ဝဲကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားသည့် ပညာရှင်များအား မွေးထုတ်ပေးရန်နှင့် ဉာဏ်ရည်ဆိုင်ရာ ဆော့ဖ်ဝဲလောကအတွက် အကျိုးပြုနိုင်ရန် ရည်မှန်းချက်ဖြင့် ဆော့ဖ်ဝဲနှင့် ဉာဏ်ရည်တုကို အဓိကအလေးထားပြီး သင်ရိုးကို ပြန်လည်ပြင်ဆင်ရေးဆွဲထားပါသည်။ ဆော့ဖ်ဝဲနည်းပညာသည် အနာဂတ် IT လုပ်ငန်းနယ်ပယ်အတွက် အဓိကကျသော တန်ဖိုးတိုးစေသည့် နည်းပညာတစ်ရပ် ဖြစ်ပါသည်။ ဆော့ဖ်ဝဲလုပ်ငန်းနယ်ပယ်သည် လူပုဂ္ဂိုလ်ကို ဗဟိုပြုပြီး လူပုဂ္ဂိုလ်များသည် အများနှင့်ပြိုင်ဆိုင်ရာတွင် အသာစီးရစေမည့် အင်အားများဖြစ်ပါသည်။ ဤဌာနမှ ဆရာ/ဆရာမများသည် ‌ဆော့ဖ်ဝဲလုပ်ငန်းနယ်ပယ်အတွင်း ပြိုင်ဆိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်သူများကို လေ့ကျင့်သင်ကြားပေးရန် ဦးစားပေးအာရုံစိုက်ထားပါသည်။ ကျွန်ုပ်တို့သည် Programming Language များ (C ၊ Python ၊ Java ၊ JSP)၊ AI Algorithm ၊ AI ပရိုဂရမ်ရေးဆွဲခြင်း၊ စက်လည်ပတ်မှုစနစ်၊ ကွန်ပျူတာစနစ် သဘောသဘာဝနှင့် တည်ဆောက်ပုံ၊ ဒေတာဘေ့စ်များ စသည့်ဖြင့် AI နှင့် ဆော့ဖ်ဝဲကဏ္ဍများဆိုင်ရာ အဓိကကျသည့် အသိပညာကို ပို့ချသင်ကြားပေးပါသည်။ ကျွန်ုပ်တို့၏ အရည်အချင်းမီ ပညာရေးစနစ်ဖြင့် ပါမောက္ခများသည် AI နှင့် ဆော့ဖ်ဝဲကဏ္ဍအတွင်း ထူးချွန်ကျောင်းသားများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။ ကျောင်းသားများသည် စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွင်း အဓိကကျသော ကျွမ်းကျင်သူများအဖြစ် တိုးတက်လာကြပါမည်။

ဒစ်ဂျစ်တယ်လုံခြုံရေးဌာန

ကွန်ပျူတာစနစ်များ၊ ကွန်ရက်များ၊ စမတ် စက်ပစ္စည်းများ၊ မာလ်တီမီဒီယာ စက်ပစ္စည်းများတွင် ဆထက်ထမ်းပိုး တိုးပွားလာသည့် တိုးတက်မြင့်မားမှုများကြောင့် သတင်းအချက်အလက်များ ထုတ်လုပ်၊ စုဆောင်း၊ ထုတ်လွှင့်ပေးနိုင်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ စုစည်းဖြန့်ဝေရေး ဝန်ဆောင်မှုများမှာ ပိုမိုမြန်ဆန်၊ ကျယ်ပြန့်ပြီး အဆင်ပြေချောမွေ့လာနေပါသည်။ သို့သော် ကွန်ပျူတာစနစ်များနှင့် ကွန်ရက်များအား လုံခြုံစွာ ကာကွယ်ထိန်းသိမ်းထားခြင်း မရှိသောကြောင့် အစိုးရနှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များအား Hacking လုပ်သည့် တိုက်ခိုက်မှုအမျိုးမျိုးမှာ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်၍ ကွန်ပျူတာစနစ်များ၊ ကွန်ရက်များကို လုံခြုံစွာ ကာကွယ်ပေးနိုင်သည့် လျှို့ဝှက်ထိန်းသိမ်းမှု၊ တည်တံ့ခိုင်မြဲမှု၊ စစ်မှန်မှုနှင့် ဝင်ရောက်သုံးစွဲခွင့် ထိန်းချုပ်မှု ကဲ့သို့သော သတင်းအချက်အလက်လုံခြုံရေး ဝန်ဆောင်မှုများမှာ ပိုမို၍ အရေးကြီးလာပါသည်။ ဒစ်ဂျစ်တယ်လုံခြုံရေးဌာနသည် Hacking အမျိုးမျိုး၊ ဗိုင်းရပ်စ်များ၊ သတင်းအချက်အလက်များအား တရားမဝင်ထုတ်ဖော်ခြင်း၊ အထောက်အထားခိုးယူခြင်း စသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ကွန်ပျူတာစနစ်အပေါ်‌ ခြိမ်းခြောက်မှုအန္တရာယ်များအား ကာကွယ်ထိန်းချုပ်ပြီး ဖြေရှင်းပေးနိုင်သည့် သတင်းအချက်အလက်လုံခြုံရေး ဥပဒေသများနှင့် နည်းစနစ်များအား သင်ကြားပေးပါသည်။ သင်တန်းအစီအစဉ်မှတစ်ဆင့် ကျွန်ုပ်တို့သည် စတုတ္ထမြောက် စက်မှုတော်လှန်ရေး လူမှုပတ်ဝန်းကျင်အတွင်း အစိုးရနှင့် ပုဂ္ဂလိကဆိုင်ရာ သတင်းအချက်အလက်များကို လုံခြုံစွာသိမ်းဆည်း၊ ဖြန့်ဝေပေးနိုင်စွမ်းရှိပြီး ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးပြုကျွမ်းကျင်သည့် အင်ဂျင်နီယာများအား လေ့ကျင့်သင်ကြားပေးပါသည်။

လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာန

လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာနယ်ပယ်သည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများမှ တစ်နိုင်ငံလုံးရှိ စက်မှုလုပ်ငန်းများကို ဓာတ်အားပေးသည့် စနစ်များအထိ စက်မှုလုပ်ငန်းနယ်ပယ်အားလုံး၏ အခြေခံနည်းပညာတစ်ရပ် ဖြစ်ပါသည်။ စတုတ္ထမြောက် စက်မှုတော်လှန်ရေးမှစတင်၍ လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ကူးပြောင်းခြင်းသည် လူမှုပတ်ဝန်းကျင်အတွင်း ကဏ္ဍအားလုံးတွင် ပိုမိုအရေးပါလာသောကြောင့် အနာဂတ်အတွက် အလားအလာကောင်းသော နယ်ပယ်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် လက်တွေ့ကဏ္ဍကို အလေးပေးဦးတည်ပြီး လျှပ်စစ် စက်ပစ္စည်းများ၊ ဓာတ်အားအမျိုးအစားပြောင်းလဲမှုဆိုင်ရာ ထိန်းချုပ်မှုနှင့် ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍများတွင် အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ အနာဂတ်အမြင်ရှိသော လျှပ်စစ်အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အချင်းရှိသူများကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။ လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာနသည် လျှပ်စစ်နှင့် စက်ကိရိယာပိုင်း၊ ထိန်းချုပ်မှုပိုင်းတို့ကို တွဲဖက်ပေါင်းစပ်ထားသည့် သင်ရိုးတစ်ခုကို ရေးဆွဲပြုစုထားပြီး တီထွင်ဖန်တီးမှုရှိရှိ တွေးခေါ်ခြင်းနှင့် အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဗဟုသုတရှိခြင်းအပေါ် အခြေပြု၍ ပရော်ဖက်ရှင်နယ်အဆင့် အသိပညာကို ရရှိပိုင်ဆိုင်ထားသလို စမ်းသပ်မှုများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် ဒီဇိုင်းနည်းပညာများမှတစ်ဆင့် ဘက်စုံကျယ်ပြန့်သော လက်တွေ့ လေ့လာသင်ယူမှုလုပ်ငန်းများအား ဆောင်ရွက်နေပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဘွဲ့ရများကို ခေါ်ယူခန့်အပ်နေသည့် ကုမ္ပဏီများနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ထားနိုင်ရန် တုံ့ပြန်အကြံပြုသည့် အစီအမံတစ်ခု ရေးဆွဲထားပြီး လက်တွေ့လည်း အကောင်အထည်ဖော်နေပါသည်။